Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Wednesday 10 February 2016

ရှမ်းချဉ် (သို့မဟုတ်) မုန်ညင်းချဉ် လုပ်နည်း

FIV | 19:13 | Best Blogger Tips

ရှမ်းချဉ် (သို့မဟုတ်) မုန်ညင်းချဉ် လုပ်နည်း


အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို မုန်ညင်းချဉ်တည်နည်းလေး မျှဝေပါရစေနော်။

မုန်ညင်းချဉ် (ရှမ်းချဉ်)ကို ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ မြီးရှည် တို့နဲ့ တွဲဘက်သုံးဆောင်ကြသလို အသားများနဲ့လည်း ချက်စားတတ်ကြပါတယ်။
မုန်ညင်းချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့  မုန်ညင်းစိမ်း နှစ်ပိသာ၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ချင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်းတို့ပါနော်။

မုန်ညင်းစိမ်းကို ရေများများနဲ့ စင်ကြယ်အောင် ရေဆေးပြီး ပထမ နှစ်ရေလောက်ကို သွန်ပစ်ပါ။

တတိယတစ်ကြိမ်ကျရင်တော့ ရေပုံးကြီးကြီးထဲမှာ ရေထည့်၊ ဆားကို ထည့်ပြီး ဆားရည်ဖြင့် အနည်းဆုံး တစ်နာရီလောက် စိမ်ထားပေးပါ။ ပြီးရင် မုန်ညင်းစိမ်းတွေကို ရေထဲကနေ ဆယ်ယူ၊ ရေစစ်ပြီး တစ်နေလှန်းပေးပါ။ တစ်နေလှန်းလိုက်တဲ့အခါ မုန်ညင်းတွေ နွမ်းသွားပြီး အချဉ်တည်ဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေပါတယ်။

မုန်ညင်းစိမ်းကိုတော့ နှစ်လက်မအရွယ်အစား လောက်လေးတွေ ရအောင် ဖြတ်တောက်ပါတယ်။ ပြီးရင် မုန်လာဥနီ၊ ဂျူးမြစ်နဲ့ ပဲပိုးတီတို့ကိုလည်း သန့်စင်အောင် ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂျူးမြစ်ကို ရေဆေးပြီးတဲ့အခါ အမြစ်လေးတစ်ချောင်းချင်းစီကို နှုတ်ယူပြီးတော့ တစ်လက်ခွဲအရှည်ရအောင် ဖြတ်တောက်ပေးထားပါ။ မုန်လာဥနီကိုလည်း ပန်းပွင့်လေးတွေ ဖော်နိုင်သလို အရှည်လိုက်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်သလို တုံးပေးထားပါ။ ပဲပိုးတီကိုတော့ အလုံးလိုက်လေးတွေ ထည့်လိုက် လို့ ရတာမို့ ဒီအတိုင်းပဲ ရေစစ်ထားလိုက်ပါနော်။

(ကြက်သွန်ဥလေးတွေပါထည့်ချင်ရင်တော့ ကြက်သွန်မြိတ်ဥလေးတွေကို သန့်စင်အောင်ရေဆေး၊ ထိပ်ပိုင်းလေးတွေဖြတ်တောက်ထားပြီး ရေစစ်ပေးထားပါနော်။)

ပြီးရင် အမွှေးအကြိုင်တွေအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရအောင်နော်။ ချင်းကို အခွံနွှာရေဆေးပြီး ခပ်လွှာလွှာလေးတွေရအောင် လှီးပေးထားပါ။ နံနံစေ့နဲ့ မုန်ညင်းစေ့တို့ကို ဒယ်အိုးထဲ ထည့်ပြီး မီးနွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်းလှော်ပေးပါ။ အဲ့ဒီလိုလှော်လိုက်ရင်းနဲ့ အနံ့တွေသင်းလာတဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီး အထဲက အမွှေးအကြိုင်အလှော်တွေကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေးထောင်းပေးပါနော်။

ပြီးရင် ပါးပါးလှီးထားတဲ့ ချင်းတ၀က်ကို ထည့်ပြီး ထောင်းလိုက်ပါနော်။ ငရုတ်သီးအရောင်မှုန့်အတွက်ကိုတော့ ငရုတ်သီး အပုပွတောင့်ကို ကိုယ့်ဘာသာကိုယ် ကြိတ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်နော်။ ကြံသကာကိုလည်း ချေပြီးထည့်ပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပလတ်စတစ်ဇလုံခပ်ကြီးကြီးကိုယူ၊ ပြီးရင် ခုနက အသီးအရွက်တွေထည့်၊ အမွှေးအကြိုင်တွေထည့်၊ ကြံသကာ၊ ဆားနဲ့ ဆန်အရက်အနည်းငယ်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးတော့မှ ပုလင်းသန့်သန့် ဒါမှမဟုတ် စဥ့်အိုးသန့်သန့်ထဲ ဖိသိပ်ပြီး ထည့်ပေးပါ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်လေးခံပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပေးပါနော်။ အဲ့ဒီလိုသိပ်ထားပြီး ပူတဲ့ရာသီဆို ၃ ရက်မှ ၅ ရက်အတွင်း၊ အေးတဲ့ရာသီဆိုရင် တစ်ပတ်မှ ၁၀ ရက်အတွင်းဆိုရင်တော့ အရသာရှိလှတဲ့ မုန်ညင်းချဉ်လေး ရပါပြီနော်။

(PS: အခု ရှမ်းချဉ်လုပ်နည်းကတော့ ကျွန်မရဲ့ ညီမလေး မိုင်းဆတ်မှာ ပညာရေးဝန်ထမ်းအဖြစ် ၅ နှစ်တာ တာဝန်ထမ်းဆောင်ရင်းနဲ့ တတ်ခဲ့တဲ့ နည်းလေးပါနော်။ အခုမြင်ရတဲ့ပုံကတော့ သူ့လက်ရာပါနော်။)

လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်နေရတဲ့ ညီမလေးမွန်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။

 Lu Lu Cooking

Easymusic radio


0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ