Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Tuesday 30 October 2012

ရိုက်ကွင်းပေါ်က အချစ် ဇာတ်လမ်းများ

FIV | 00:38 | Best Blogger Tips


လောလောဆယ်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စား နေတဲ့ အတွဲကတော့ Twilight ရုပ်ရှင် ဇာတ်လမ်းတွဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြတဲ့ ရောဘတ်ပက် တင်ဆန်နဲ့ ခရစ္စတင်းစတီးဝပ်တို့ နှစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။
ရုပ်ရှင် ဇာတ်ကားထဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြရာက တကယ့်ချစ်သူများ ဖြစ်သွားခဲ့ပြီး အတူ နေခဲ့ကြတာ ၃ နှစ် ရှိခဲ့ပါပြီ။ ဒါပေမဲ့ မကြာသေးခင်က ခရစ္စတင်းက သူပါဝင် သရုပ်ဆောင် နေတဲ့ Snow White and the Huntsman ရုပ်ရှင်ဇာတ်ကားရဲ့ဒါရိုက်တာ ဖြစ်သူအသက် ၄၁ နှစ်အရွယ်ရှိ ရူးပတ်ဆဲန်ဒါးစ်နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကို ပက်တင်ဆန် သိသွားတဲ့ အခါမှာ ခရစ္စတင်းက ၀န်ခံခဲ့ပြီး လမ်းခွဲ ခဲ့ကြပါတယ်။

ရိုက်ကွင်းပေါ်မှာ နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံ နမ်းနေကြရတဲ့ အပြင် တစ်ခါတစ်ရံမှာ အိပ်ရာခန်း များမှာလည်း သရုပ်ဆောင်ကြရတာကြောင့် ဟောလိဝုဒ်မှာ တချို့မင်းသား မင်းသမီးများ ရိုက်ကွင်းပေါ်က တစ်ဆင့် တကယ် ချစ်ကျွမ်းဝင်သွားကြတာတွေ ရှိပါတယ်။  အဲဒီလို ချစ်သွားကြတဲ့ အတွဲများကို တင်ပြရရင်...

ခရစ္စတင်း၊ ရူးပတ်နဲ့ ရောဘတ်
၃ နှစ်ကြာ အတူ နေခဲ့ကြတဲ့ ခရစ္စတင်းနဲ့ ရောဘတ်တို့ရဲ့ ချစ်ခရီးဟာ ပေါ်ထွက်လာတဲ့ သတင်းများကြောင့် သာယာ ဖြောင့်ဖြူးမှု မရှိတော့ပါဘူး။ အသက် ၂၂ နှစ် အရွယ်ရှိ ခရစ္စတင်းက အသက်
၄၁ နှစ် အရွယ်ရှိ ဒါရိုက်တာ ရူးပတ်ဆဲန်ဒါးစ်နဲ့ ရိုက်ကွင်းပေါ်မှာ ဖောက်ပြန် နေတယ်လို့ သတင်း ထွက်ပေါ်လာခြင်းကြောင့်ပါပဲ။

သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီး ခရစ္စတင်းက ရောဘတ်ကို လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ “မှားယွင်းမှု တစ်ခုကြောင့် ကျွန်မ ဘ၀မှာ အရေးပါအရာ ရောက်ဆုံးနဲ့ ကျွန်မ ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့ ရော့ဘ်ကို ဆုံးရှုံး ခဲ့ရပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။ ဗြိတိသျှဒါရိုက်တာဖြစ်တဲ့ ရူးပတ်ကလည်း သူ့ဇနီး ရုပ်ရှင်မင်းသမီး မော်ဒယ်လ်ဖြစ်တဲ့ လစ်ဘာတီရော့စ်နဲ့ ကလေးနှစ်ယောက်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ရပ်ဆဲလ်၊ မက်ဂ်နဲ့ ဒဲနစ္စ
နယူးဇီလန်နိုင်ငံရဲ့ လူဆိုးကလေးလို့ နာမည်ကျော်တဲ့ ရပ်ဆဲလ်နဲ့ အမေရိကန်နိုင်ငံ ပရိသတ်များရဲ့ အသည်းကျော် မင်းသမီးဖြစ်တဲ့ မက်ဂ်တို့ ၂၀၀၀ ပြည့်နှစ်မှာ ရိုက်ကူးတဲ့ Proof of Life ဇာတ်ကားမှာ ဆုံဖြစ်ကြပါတယ်။ သူတို့နှစ်ဦး ရိုက်ကွင်းပေါ်မှာ တကယ် ချစ်သူများ အဖြစ် နေထိုင်ကြတာကို အီကွေဒေါနိုင်ငံနဲ့ လန်ဒန်တို့မှာ ဓာတ်ပုံ သတင်းထောက်များက အမိအရ ရိုက်ကူး ခဲ့ကြပါတယ်။ ဗြိတိသျှ စာစောင်များက ဒီသတင်းကို ထုတ်ဖော်ဖွင့်ချလိုက်တာကြောင့် မက်ဂ်ရိုင်ယန်နဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဒဲနစ္စကွိတ်တို့  ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ နှစ်ဦးစလုံးက သူတို့လမ်းခွဲမှုမှာ ဘယ်သူ့ပယောဂမှ မပါဝင်ပါဘူးလို့ ကြေညာခဲ့ပါတယ်။

မစ်ရှယ်လ်၊ ဂျွန်နဲ့ ဂလဲန်
ဂျွန်မာလ်ကိုဗစ်ခ်ျနဲ့ ဂလဲန်ဟက်ဒလီတို့ရဲ့ အိမ်ထောင်သက် ၆ နှစ်ရှိခဲ့ပါပြီ။ အဲဒီအချိန်မှာ Dangerous Liaisons ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း ဂျွန်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မစ်ရှယ်လ်ဖိုင်ဖာတို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ဂျွန်နဲ့ ဂလဲန်တို့ ကွာရှင်းပြတ်စဲလိုက်ကြပေမဲ့ မစ်ရှယ်လ်နဲ့ မပေါင်းစည်းမိဘဲ မစ်ရှယ်လ်က တယ်လီဗေးရှင်း ဇာတ်လမ်းဖန်တီးသူ ဒေးဗစ်အီးကယ်လီနဲ့ လက်ထပ်ခဲ့ပါတယ်။ နောင် နှစ် ၂၀ အကြာမှာတော့ ဂျွန်က “အခုတော့ လမ်းတွေ့ရင်တောင် မစ်ရှယ်လ်က ကျွန်တော့်ကို နှုတ်တောင် မဆက်နိုင်တော့တာက မယုံနိုင်စရာပါပဲ”လို့ ဆိုပါတယ်။

ချတ်၊ ပဲရစ်၊ နစ်ခ်နဲ့ ဆိုဖီယာ

ချတ်မိုက်ကယ်မူရေးက One Tree Hill ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဆိုဖီယာဘုရှ်နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ House of Wax ဇာတ်ကားကို ရိုက်ရင်း တွဲဖက်သရုပ်ဆောင်တဲ့ ပဲရစ်ဟီလ်တန်နဲ့ ချတ်တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ အဲဒီအချိန်က ပဲရစ်က နစ်ခ်ကာတာနဲ့ ချစ်သူဖြစ်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ချတ်နဲ့ ဆိုဖီယာတို့ လမ်းခွဲလိုက်ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ E! Online နဲ့ တွေ့ဆုံရာမှာတော့ ချတ်က “ကျွန်တော် အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာကို အရူးအမူးဖြစ်ခဲ့တာကိုး”လို့ ဆိုခဲ့ပါတယ်။

အင်ဂျလီနား၊ ဘီလီဘော့ပ်နဲ့ လော်ရာ
၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Pushing Tin ရုပ်ရှင်ဇာတ်ကားမှာ ဂျိုလီနဲ့ ဘီလီတို့ အကြင်လင်မယားအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူတို့နှစ်ယောက် အတူတူပျောက် သွားကြတာကြောင့် ဘီလီနဲ့ စေ့စပ်ထားတဲ့ လော်ရာဒန်းအပါအ၀င် အားလုံး အံ့သြခဲ့ကြပါတယ်။ လော်ရာက “ကျွန်မ ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ သွားနေတုန်းမှာ ကျွန်မ ခင်ပွန်းလောင်းက တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ သူ့အကြောင်း မကြားရတော့ပါဘူး”လို့ ဆိုပါတယ်။ နောက် ၃ နှစ်အကြာမှာတော့ ဂျိုလီနဲ့ ဘီလီတို့လမ်းခွဲခဲ့ကြပြီး မိတ်ဆွေများ အဖြစ် ရပ်တည်နေခဲ့ကြပါတယ်။ ဘီလီက အိမ်ထောင်မပြုတော့ပေမဲ့ ဂျိုလီကတော့ မကြာသေးခင်က ဘရက်ပစ်နဲ့စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။

အဲလစ်ဇဘက်၊ အယ်ဒီ၊ ရစ်ချတ်နဲ့ စစ်ဘဲလ်
ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး အဲလစ်ဇဘက်တေလာကို အိမ်ထောင်ဖျက်သူရယ်လို့ ကင်ပွန်းတပ်ကြပါတယ်။ မုဆိုးမဖြစ်နေတဲ့ အဲလစ်ဇဘက်ကသူငယ်ချင်းဖြစ်သူ ဒက်ဘီရေနောလ်ရဲ့ ခင်ပွန်းဖြစ်သူ အယ်ဒီဖစ်ရှားကို အရ ယူသွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ ကလီယိုပါထရာ ဇာတ်ကားကို ရစ်ချတ်ဘာတန်နဲ့ တွဲဖက် သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်သွားခဲ့ပြန်ပါတယ်။ တေလာနဲ့ ဘာတန်တို့ရဲ့ချစ်ဇာတ်လမ်းဟာ ဒီနေ့ထက်ထိ ပြောမဆုံးနိုင်သေးတဲ့ ဟောလိဝုဒ်ရဲ့အကြီးကျယ်အခမ်း နားဆုံး အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံးက အိမ်ထောင်ဖက်များကို စွန့်ခွာကာ ပေါင်းစည်း ခဲ့ကြပါတယ်။ အဲဒီ အချိန်က ဘာတန်မှာ ဇနီးသည်ဖြစ်သူ ရုပ်ရှင်မင်းသမီး စစ်ဘဲလ်ဝီလျံ ရှိခဲ့ပါတယ်။ တေလာနဲ့ ဘာတန်တို့ ၁၀ နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး ကွာရှင်းပြတ်စဲကြပါတယ်။ နောက်တစ်ကြိမ် ပြန်လက်ထပ်ကြကာ ၁၆ လကြာ ပေါင်းသင်းခဲ့ကြပြီး လမ်းခွဲခဲ့ကြပြန်ပါတယ်။

ကလယ်ရာ၊ ဘီလီနဲ့ မေရီလူစီ
၂၀၀၃ ခုနှစ်မှာ ဘီလီခရပ်ဒ်အပ်တစ်ယောက် သူနဲ့အတူ ၈ နှစ်ကြာနေထိုင်ခဲ့တဲ့ ချစ်သူ မေရီလူစီနဲ့ သားသမီးထွန်းကားခါနီး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ  ဘီလီက Stage Beauty ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကလယ်ရာဒိန်းစ်နဲ့ ငြိစွန်းသွားခဲ့ပါတယ်။ သူတို့ဇာတ်လမ်းကို စာနယ်ဇင်းများက ရေးသားကြပေမဲ့ နှစ်ဖက်စလုံးက ငြင်းခဲ့ကြပါတယ်။ ချစ်သူ မေရီလူစီက ရင်သွေးကလေးကိုမမွေးဖွားမီ နှစ်လအလိုမှာ ဘီလီက လမ်းခွဲသွားပြီး ကလယ်ရာနဲ့ ချစ်သူများအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ၄ နှစ် ကြာအောင် တွဲခဲ့ကြပြီး နောင်မှာ ကလယ်ရာက “အဲဒီအချိန်တုန်းကတော့ ရူးရူးမူးမူး ချစ်ခဲ့မိတာ အမှန်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

စစ်ဘဲလ်၊ ပီတာနဲ့ ပေါ်လီ
၁၉၇၁ ခုနှစ်မှာ The Last Picture Show ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ဒါရိုက်တာ ပီတာက အသက် ၂၁ နှစ် အရွယ်ရှိ ရုပ်ရှင်မင်းသမီးကလေး စစ်ဘဲလ်ရှက်ပတ်ကို လက်ထပ်ယူခဲ့ပါတယ်။ ပီတာက စစ်ဘဲလ်ကို လက်ထပ်ဖို့ အတွက် ဆယ်စုနှစ်တစ်ခုကြာ ပေါင်းသင်းခဲ့တဲ့ ထုတ်လုပ်သူ ပေါ်လီပလပ်ကို ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ စစ်ဘဲလ်နဲ့ ပီတာတို့ ၇ နှစ်ကြာ တွဲခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ နှစ်ခုလပ်ဖြစ်တဲ့ စစ်ဘဲလ်က မကြာသေးမီက ရတနာကုန်သည်ဘ၀မှ စိတ်ပညာရှင်ဖြစ်လာသူ အင်ဒရီနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လီးန်၊ ဒီးန်၊ အယ်ဒီနဲ့ ဘရန်ဒီ

ကျေးလက်ဂီတ အဆိုကျော်ဖြစ်တဲ့ လီအန်ရိုင်းမ်စ်က လက်ထပ်ပြီးမကြာခင်မှာပဲ Northern Lights ဆိုတဲ့ ရုပ်ရှင်ကားကို အိမ်ထောင်သည် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အယ်ဒီဆီဘရိုင်းယန်နဲ့တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ကပါ။ ရိုက်ကွင်းပေါ်မှာ သူတို့ နှစ်ယောက် ဖောက်ပြန်နေကြတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့အချစ်ဇာတ်လမ်းကြောင့် အိမ် ထောင်နှစ်ခုစလုံး ပြိုကွဲသွားခဲ့ပါတယ်။ ရိုင်းမ်စ်က အမျိုးသားကချေသည် တစ်ဦးဖြစ်တဲ့ ဒီးန်နဲ့ အိမ်ထောင်ရေး ပြိုကွဲသွားပြီး အယ်ဒီကလည်း ဇနီးဖြစ်သူရုပ်ရှင်မင်းသမီး ဘရန်ဒီနဲ့ လမ်းခွဲလိုက်ပြီး သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြန်ပါတယ်။ ဒီနောက်ပိုင်းမှာ ရိုင်းမ်စ်က သူတို့ နှစ်ဦးကြောင့် နှလုံးသားကြေကွဲခဲ့ကြ သူတွေအတွက် စိတ်မကောင်းပေမဲ့ နောင်တတော့ မရပါဘူးလို့ ဆိုခဲ့ပါတယ်။

FROM : ရွှေအမြုတေ မဂ္ဂဇင်း

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ